မုသာဝါဒကံ ကို ဘ၀ဆက်တိုင်းရှောင်ခြင်း ပါရမီကုသိုလ်ကြောင့် ဖြစ်တည်လာခဲ့သည့် ဥဏ္ဏလုံ(ခေါ်)မွေးရှင်တော်

ဥဏ္ဏလုံ (ခေါ် ) မွေးရှင်တော်

မြတ်စွာ ဘုရားရှင်ရဲ့ နဖူးအလယ်မှာ ပါရှိတဲ့ ဥဏ္ဏလုံခေါ် (မွေးရှင်)တော်ဆိုတာ မြတ်စွာဘုရားရှင် ရဲ့ (၃၂)ပါးသော မဟာပုရိသ လက္ခာဏာကြီးထဲက တစ်ပါးဖြစ်ပါတယ် ။ ဓမ္မစကြာတရား ရွတ်ဖတ်ပူဇော်မယ်ဆိုရင် ရောင်ခြည်တော် ဘုရားပင့်ရွတ်ဆိုရာမှာ ပထမဆုံးအစချီ ရွတ်ဆိုတာက

” အင်္ဂီရသဿ ဥဏ္ဏာယ ”

အင်္ဂီရသဿ -အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့်သုံးပါးဆယ်လီ ပါရမီတော် အဟုန်တို့ကြောင့်ခြောက်ရောင်စုံ ကွန်မြူးလျှက်အင်္ဂီရသ ဘွဲ့ထူးခံသည့်ဘုရားရှင် ကိုယ်တော်မြတ်ဘုရားကြီး၏

မုသာဝါဒကံ ကို ဘ၀ဆက်တိုင်းရှောင်ခြင်း ပါရမီကုသိုလ်ကြောင့် ဖြစ်တည်လာခဲ့သည့် ဥဏ္ဏလုံ(ခေါ်)မွေးရှင်တော်

ဘမုကန္တရေ မျက်ခုံးတော် နှစ်သွယ်အလယ်ဗဟို တည့်တည့်၌သဉ္ဇာတာယ နုဖြူထွားထွား ကောင်းစွာပေါက်ဖွား၍နေသော

ဥဏ္ဏာယ စ -ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့်စိန်သားနှစ်အသွင် ငွေနန်းချည် အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ျာရစ်ခွေရုံစိန်ကြယ်ပွင့် အနေပုံကဲ့သို့ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ်လွန်ထူးမြတ်သည့် အရပ်တော်တို့လည်းကောင်းဆိုပီး ရွတ်ဆိုပါတယ် ။

ဥဏ္ဏလုံဆိုတာ မျက်ခုံးနှစ်ခုအလယ်မှာ လက်ယာရစ် လည်လျက် အထက်သို့ အဖျားကော့တက်နေသော လွန်စွာ နူးညံ့သည့် အဖြူရောင် မွှေးရှင်တော်ဓာတ် ဖြစ်ပါတယ် ။

ဥဏ္ဏလုံမှာ ဆွဲဆန့်လျှင် နှစ်တောင့်ခန့်ရှည်လျားပြီး ဖြူသောရောင်ခြည်တော်တို့ လွှတ်ပါတယ် ။

ဥဏ္ဏလုံမွေးရှင်တော်

“ဥဏ္ဏာ” လို့ခေါ်တဲ့ အမွေးဖြူကလေး။ ဒီမျက်လုံးနှစ်ခုရဲ့ အလယ်ကောင်မှာ အမွေးလေးတွေ ပါတတ်တယ်။ တချို့တလေတော့ ရှိတယ် အဲဒါမျိုး အမွေးဖြူ။ မြတ်စွာဘုရား ရဲ့ ရုပ်ဆင်းတုတော်ကို ထုတဲ့အခါမှာ “ဥဏ္ဏလုံ မွေးရှင်တော်” ဆိုတာ။ ဥဏ္ဏလုံဆိုတာ ဥဏ္ဏလောမပဲ။

အင်မတန်မှ နူးညံ့တဲ့ အမွေးဖြူလေးက ဆွဲဆန့်လို့ရှိရင်တစ်လံလောက် ရှည်တယ်လို့ ဒီလိုဆိုတာ။ အဲဒါလေးက လကျာ်ရစ်ပြီးတော့ အင်မတန်မှ လှတယ်။ ဒီမျက်ခုံးမွေးနှစ် ခုရဲ့ အလယ်လောက်မှာ ဥဏ္ဏလုံမွေးရှင်။

ဒါကြောင့်မို့ အဲဒါကို အတုလုပ်ပြီးတော့ ဘုရားနဖူးမှာ ကျောက်ဆစ်ဆရာက ကျောက်လုံးလေးစီထားတာတို့၊ ပန်းချီဆရာရေးထားတာတို့ ဒါမျိုးလေးပါတယ်လေ။ ဥဏ္ဏလုံ မွေးရှင် ဆိုတာပါတယ်။ အဲဒီ ဥဏ္ဏလုံမွေးရှင်က ဖြူဖွေးနေတယ်။အိုလို့ ဖြူတာ မဟုတ်ဘူး။အစကတည်းက ဖွေးနေတာ။

နဂိုကတည်းက အဖြူ။ အခုခေတ်လူတွေက အဖြူဆို နှုတ်ပစ်တယ်။ အဲဒီတော့ ဘုရားရဲ့ ဒီမျက်ခုံးမွေးနှစ်ခုရဲ့ အလယ်မှာပေါက်တဲ့အမွေးဖြူလေးဟာ နဂိုကတည်းက ဖြူဖြူလေး။ ဆွတ်ဆွတ်ဖြူတယ်။

တစ်ခါတရံမှာ ဖြူသောရောင်ခြည်တော် လွှတ်တဲ့အခါမှာအဲဒီ ဥဏ္ဏလုံ မွေးရှင်တော်ကအရောင်တွေ ထွက်လာတာလည်းရှိတယ်။ တစ်ခါတရံ ကျတော့ အရိုးဓာတ်ကထွက်တာရှိတယ်။စွယ်သွားက ထွက်တာ ရှိတယ်။သွားတော်ကနေထွက်တဲ့ အဖြူရောင်လည်းရှိတယ်။

အဲဒီတော့ ဥဏှာဆိုတဲ့ ဥဏ္ဏလုံမွေးရှင်မျိုးကလည်းပဲ ဒီမဟာပုရိသလက္ခဏာထဲမှာ နှစ်ဆယ်နဲ့ငါးခုမြောက်ပါရမီပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲ။ အဲဒီတော့ ဒီအမှတ်အသား လက္ခဏာ နှစ်ခုဟာ မွေးညှင်း တစ်တွင်းတွင် မွေးညှင်း တစ်ပင်သာ ပေါက်ခြင်းရယ်၊မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ ဖွေးဖွေးဆွတ် နေတဲ့ အမွေးဖြူပေါက်ခြင်းရယ်နော်။

အဲဒီအမွေးဟာ ဝါဂွမ်းလို၊ဂွမ်းစိုင်လို နူးညံ့ပြီးတော့နေတဲ့အမွေးဖြူတဲ့

ဥဏ္ဏာ စ ဘမုကန္တရေ ဇာတာ ဟောတိ ဩဒါတ-ဘမုက မျက်ခုံးနှစ်ခုရဲ့ အလယ်မှာဒီ အမွေးဖြူလေး ရှိတယ်ပေါ့။

ဒါလည်းပဲ မဟာပုရိသလက္ခဏာသုံးဆယ့်နှစ်မျိုးထဲမှာ နှစ်ဆယ့်ငါးနံပါတ်။ ဒီ မဟာပုရိသ လက္ခဏာ ဖြစ်တယ်။

ဒါလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ်ရဲ့ အမှတ်အသား လက္ခဏာတစ်ခုပဲ။

“ပါရမီကုသိုလ်”

အဲဒီလို မွေးညှင်းတွင်းတစ်တွင်းမှာ အမွေးတစ်ပင်သာ ပေါက်ခြင်းဟာ မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ အင်မတန်မှ

နူးညံ့ ဖြူဆွတ်နေတဲ့ ဥဏ္ဏလုံဆိုတဲ့အမွေး ရှိခြင်းဟာ ဘယ်လိုပါရမီ ကုသိုလ်တွေကြောင့် ဒီလို ထူးခြားတဲ့ ပါရမီကုသိုလ်တွေ ရတာတုန်းလို့ဆိုတော့ လိမ်မပြောခဲ့လို့တဲ့။

အမြဲတမ်း မုသာဝါဒက ရှောင်တယ်တဲ့။ ဘယ်တော့မှ မဟုတ်တာကို မပြောဘူး။ မှန်တာပဲ ပြောတယ်နော်။ ထူးထူးခြားခြား မှန်တာကိုပဲပြောတယ်။

အဲ ခုခေတ်ကတော့ “မုသားမပါလင်္ကာမချော” ဆိုပြီးတော့ လင်္ကာချောအောင် နည်းနည်းတော့ ပြောတယ်။ လင်္ကာ ချောဖို့အရေးကြီးတယ်။ ဒါကြောင့်မို့ နဖူးမှာ ဘာအမွေးမှ မရှိဘူး ပြောင်နေတယ်။ အဲဒီတော့ မုသားက ရှောင်လို့ရင် ဒီလို ထူးခြားတဲ့ ပါရမီပုံရိပ်အမှတ်တံဆိပ်တွေ ရှိတယ်လို့ ဒီလို ပြောတာ။

“အကျိုးပေးပုံ”

ကဲ ဒီလိုပါရမီပုံရိပ် အမှတ်တံဆိပ်ရှိလာတေဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကျေးဇူးက ဘာတုန်းဆိုရင် အများစုက ဘယ်အခါပဲ ဖြစ်ဖြစ် သူ့ဘက်ကပဲ ရပ်တည်ကြတယ်။ခုနက သူ့နောက်က လိုက်တယ်။

အခုဟာက သူ့ဘက်က ရပ်တည်တယ်။ဘယ်စကား ပြောပြော၊ဘာပဲဖြစ်ဖြစ် ထောက်ခံစရာရှိ သူ့ဘက်ကပဲ ထောက်ခံတယ်။သူက မှန်တာပြောတာကိုး။

မှန်တာပြောခြင်းရဲ့ အကျိုးကျေးဇူးကြောင့်အခုလို ထူးခြားတဲ့ မွေးညှင်းတွင်း တစ်တွင်းမှာအမွေးတစ်ခုသာရှိခြင်း၊ မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာဖြူဆွတ်နေတဲ့ ဥဏ္ဏလုံမွေးရှိခြင်း ဆိုတဲ့ ဒီအမှတ်တံဆိပ်တွေပေါ်လာခြင်းကြောင့်တဲ့

လူတွေဟာ ဘယ်ဘက်ကဖြစ်ဖြစ်သူ့ကို အမြဲတမ်းထောက်ခံတယ်။သူ့ဘက်က အမြဲတမ်း ရပ်တည်ကြတယ်ဆိုတဲ့အကျိုးကျေးဇူးကို ရပါတယ်တဲ့။ ဒီလိုဆိုတာနော်။ ။

(ရွှေကျင်နိကာ ဥပဥက္ကဋ္ဌ မဟာနာယက၊အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)Youngbuddhistassociation

Add a Comment

Your email address will not be published. Required fields are marked *