ပုဒ်မ ၃ ခုဖြင့် အမှုရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီ အား ထောင်ဒဏ် ၇ နှစ်ချမှတ်

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အစ္စဏီ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦး က အကုန်သိ သတင်းဌာန သို့ အတည်ပြုပြောကြားခြင်းဖြစ်သည်။

“ ထောင်ဒဏ် ၇ နှစ်ချလိုက်တာ ဟုတ်ပါတယ်။ ပုဒ်မ ဘယ်နှစ်ခုကို ချတယ်ဆိုတာတော့ သေချာ မသိရသေးပါဘူး” ဟု အစ္စဏီ၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်၊ ည ၁၁ နာရီခန့်တွင် မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေး၊ ၂၇ နှစ်သည် သူငယ်ချင်းများနှင့် အတူ ဆယ်လီဘားသို့ ရောက်ရှိနေချိန် ဧပြီလ ၆ ရက်နံနက်ပိုင်း၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ)အစ္စဏီ၊ ၃၂ နှစ်ရောက်လာကာ ပြဿနာရှာသဖြင့် စူးရှထက်သည် ၎င်းငှားရမ်းနေထိုင်သော တိုက်ခန်းသို့ ကားငှားပြန်လာခဲ့ကြောင်း သိရသည်။

ယင်းအချိန် ဟန်ထွန်းဇော်(ခ)အစ္စဏီ ကလည်း ၎င်းကိုယ်ပိုင်ယာဉ်နှင့် အတူလိုက်ပါလာပြီး နေအိမ်ရောက်ရှိချိန်၌ အစ္စဏီက စူးရှထက် အကျႌအား ဆွဲချွတ်သဖြင့်ရုန်းကန်ချိန် စူးရှထက်၏ ဦးခေါင်းနှင့်မှန်ဗီရို တိုက်မိခဲ့ကာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် တစ်ကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သည်းခွံများ လှန်ချိုးခြင်း၊ သတိမေ့နေချိန်၌ ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ တိုင်တန်းချက်အရ သိရသည်။

ထို့နောက် မော်ဒယ်လ် စူးရှထက်က တာမွေမြို့မရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်၌ တိုင်တန်းခဲ့ရာ တာမွေမြို့မရဲစခန်းက (ပ) ၃၆၂/၂၀၁၈၊ ပြစ်မှုဥပဒေပုဒ်မ ၃၇၆/ ၃၂၅/၃၂၄ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး မေလ ၁၀ ရက်တွင် တာမွေမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်ရုံးချိန်းတွင် အဆိုတော် အစ္စဏီဘက်မှ တောင်းပန်ပါက အမှုကို ကျေအေးပေးမည်ဟု တရားလိုဖြစ်သူ မော်ဒယ်လ် စူးရှထက်(ခ)မဇာခြည်ဌေးက ပြောဆိုခဲ့ပြီးနောက် အစ္စဏီက တောင်းပန်သဖြင့် အမှုကျေအေးလွှာတွင် လက်မှတ်ရေးထိုး ကျေအေးပေးထားသည်။

Add a Comment

Your email address will not be published. Required fields are marked *