နေ့တိုင်း လန်းဆန်း တက်ကြွတဲ့ စိတ်နဲ့ ခန္ဓာကို ပိုင်ဆိုင်ဖို့ဆိုရင်

အမြဲတမ်း ထိုင်းမှိုင်းပြီး နေနေဖြစ်တာကို စိတ်ကုန်နေပြီလား။ မျက်မှောင်ကြီး ကျုံ့ပြီး စိတ်မကြည်နေ သလိုလို စိတ်ရှုပ်နေသလိုလိုမျိုးတွေဖြစ်နေရင်တော့ ပေါ့ပါးသွက်လက်တာတွေ၊ လန်းဆန်းတက်ကြွနေတာတွေကို လက်လွှတ်နေရမှာပါ။ သူများတွေလို ပေါ့ပါးပြီး လန်းဆန်းတက်ကြွတဲ့ စိတ်နဲ့ ခန္ဓာပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နည်းလမ်းတွေ အမျိုးမျိုး ရှိတာမို့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြိုးစားကြည့်သင့်ပါတယ်။

လန်းဆန်းတက်ကြွတဲ့သူဖြစ်ဖို့ဆိုတာ စိတ်နဲ့လည်း ဆိုင်ပါတယ်။ အကောင်းမြင်စိတ် ရှိတဲ့သူက စိတ်နှလုံး အေးချမ်းပြီး လူကိုလည်း လန်းဆန်းစေတယ်နော်။ အဆိုးမြင်ဝါဒီတွေပဲ ရှိနေမယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းပြီး စိတ်တွေပူလောင်နေရမှာ သေချာပါတယ်။

ရေဓါတ်ပြည့်ဝပါစေ

ရေဓါတ်ပြည့်ဝတာက လူကို လန်းဆန်းပြီး တက်ကြွစေပါတယ်နော်။ ရေဆာနေတာ၊ ရေငတ်နေတာမျိုးက လူကို ထိုင်းမှိုင်းစေတယ်လေ။ နောက်ပြီး ခန္ဓာကိုယ်က ရေဓါတ်ကို အလိုအပ်ဆုံး ပြည့်ဝနေမှ ကျန်းမာရေး ကောင်းမွန်မှာ။ ကျန်းမာတယ်ဆိုရင် စိတ်ကလန်းဆန်းပြီလေ။

တက်ကြွစေမယ့် သီချင်းလေးတွေ နားထောင်ပါ

လေးလံထိုင်းမှိုင်းတဲ့စိတ်ကြီး မဖြစ်အောင် တက်တက်ကြွကြွ ရှိစေမယ့် သီချင်းလေးတွေ နားထောင်ပါ။ တီးလုံးမြူးမြူးလေးတွေပေါ့။ ခန္ဓာကိုယ်ကလည်း သံစဉ်နဲ့အတူ လိုက်ယိမ်းတာမျိုး၊ လိုက်ကတာမျိုး လုပ်ကြည့်ပါ။ ဒါက စိတ်ကို လန်းဆန်းစေတာမို့ တက်ကြွမယ့် နည်းတစ်မျိုးပါပဲ။
လမ်းလျှောက်ပါ

လမ်းလျှောက်တဲ့အခါမှာလည်း မလျှောက်ချင်လျှောက်ချင် လျှောက်တာမျိုး မဟုတ်ဘဲ နည်းနည်းမြန်မြန်လေး ပေါ့ပေါ့ပါးပါး လမ်းလျှောက်ကြည့်ပါ။ ရုံးမှာဆိုရင်လည်း ကိုယ့်ရဲ့ ထိုင်ခုံကနေ ထပြီး တခြားလုပ်ဖော်ကိုင်ဖက်တွေဆီ လျှောက်တာ ဒါမှမဟုတ် အပေါ့ထသွားတာမျိုးလည်း လုပ်ပါ။ လေးလံထိုင်းမှိုင်းနေတာမျိုး မဖြစ်အောင်ပေါ့။ တက်တက်ကြွကြွ လမ်းလျှောက်ကြည့်တာက စိတ်ရော ကိုယ်ပါ လန်းဆန်းစေတယ်နော်။

ဟာသကားလေးတွေကြည့်ပါ စကားပြောပါ

စကားပြောတာကလည်း တက်ကြွစေတဲ့အချက်နော်။ စိတ်ညစ်စရာ အကြောင်းအရာတော့ မဟုတ်ဘူးပေါ့လေ။ ပေါ့ပေ့ါပါးပါး ကိုရီယားကား၊ မင်းသားမင်းသမီးတွေအကြောင်း သူငယ်ချင်းနဲ့ ပြောတာမျိုးပေ့ါ။ အဲဒီလိုပြောနေရရင် စိတ်ညစ်တာတွေ မေ့ပြီး ပျော်ဖြစ်တယ်လေနော်။

စိတ်လန်းဆန်းစေဖို့ ဟာသဖြစ်စေမယ့် ဗီဒီယို၊ စာအုပ် စတာလေးတွေ ကြည့်ပါ။ ကိုယ်ကိုယ်တိုင်လည်း လိုက်ရယ်ဖို့ ကြိုးစားကြည့်နော်။ တချို့က ဟာသကားသာ ကြည့်သာကြည့်နေတယ် လိုက်မရယ်တာမျိုး၊ တခြားကို တွေးနေတာမျိုး ရှိတယ်နော်။ အဲဒီလိုမျိုး မလုပ်ဘဲ စိတ်နှစ်ထားကြည့်နော်။

Add a Comment

Your email address will not be published. Required fields are marked *